နှာခေါင်း sinus ရောင်ခြင်း။

နှာခေါင်း sinus ရောင်ခြင်း။
11

နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်း‌ကြောင်းတွင် ပိုး၊ ဗိုင်းရပ် (သို့) မှို တို့ကြောင့် နှာခေါင်း sinus ရောင်တတ်ပါသည်။ အဖျား၊ တုတ်ကွေးရောဂါတို့‌ကြောင့်ဖြစ်ပါက ရက်သတ္တပတ်မျှသာကြာမြင့်ပါသည်။ နာတာရှည်ရောဂါဖြစ်ပါက လက္ခဏာများမှာမပြင်းထန်သော်လည်း ကြာမြင့်တတ်ပါသည်။ နှာပိတ်ခြင်း (သို့) နှာရည်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း နှင့် ချောင်းဆိုးခြင်း လက္ခဏာများကို ခံစားရတတ်ပြီး ပုံမှန်နေ့စဥ်ဘ၀ကို ထိခိုက်နိုင်ပါသည်။ ဆေးလိပ်ငွေ့ ၊ ညစ်ညမ်းသည့်သဘာ၀ပတ်၀န်းကျင် နှင့် ဓာတ်မတည့်ခြင်းတို့ကြောင့် နှာပိတ်တတ်ပြီး ကလေး၊ ဆယ်ကျော်သက် နှင့် လူရွယ်များတွင် အဖြစ်များပါသည်။

ပုံမှန်လက္ခဏာများမှာ နှာပိတ်ခြင်း၊ နှာခေါင်းအသက်ရှူလမ်းကြောင်းရောင်ခြင်း နှင့် အချွဲထွက်များခြင်းတို့ဖြစ်ပါသည်။ ပိုး၀င်သည့်အခြေအနေဆိုးပါက ထွက်လာသည့်အချွဲမှာ အ၀ါရောင်၊ အစိမ်းရောင် (သို့) အညိုရောင် ရှိတတ်ပါသည်။ မျက်လုံး၊ ပါးမို့တ၀ိုက်ရှိ နှာခေါင်း sinus နေရာတွင် ကိုက်ခဲတတ်ပါသည်။ လည်ချောင်းတွင် အချွဲများစုလာသဖြင့် နှာခေါင်းနောက်အာခေါင်တွင်အရည်ကျတတ်ပြီး ပါးစပ်နံခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းခြောက်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ဖြစ်တတ်ပါသည်။

နှာခေါင်း sinus ရောင်ခြင်းကိုကာကွယ်ရန် လေ၀င်လေထွက်ရှိသော အခန်းများတွင်နေသင့်ပြီး၊ အခိုးအငွေ့ နှင့် ဖုန်ထူသောနေရာများကို ရှောင်ကြဥ်ရပါမည်။ ရေများများသောက်ခြင်းဖြင့် အချွဲများကိုကျဲစေ၍ နှာခေါင်းလမ်းကြောင်းမှ လွယ်ကူစွာ စီးထွက်နိုင်ပါမည်။ ဓာတ်မတည့်ခြင်းနှင့်ဆက်စပ်သည့် နှာခေါင်း sinus ရောင်ခြင်းကို ခံစားရသောသူများသည် မိမိအား ဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အရာများနှင့်အစာများကို ရှောင်ကြဥ်ရပါမည်။

အစောပိုင်းအဆင့်နှာ‌ခေါင်း sinus ရောင်လက္ခဏာများကို သက်သာစေရန် သောက်ဆေးများ (သို့) နှာခေါင်းဖြန်းဆေးများကိုပေးတတ်ပါသည်။ နာတာရှည်နှာခေါင်း sinus ရောင်ခြင်းအတွက် နှာခေါင်းမှန်ပြောင်းကြည့်ခြင်း နှင့် နှာခေါင်း CT scan ရိုက်ခြင်းဖြင့် ရောဂါအခြေအနေကို တိကျစွာစစ်ဆေးဖော်ထုတ်နိုင်ပါမည်။ မှန်ပြောင်းဖြင့် နှာခေါင်း sinus ခွဲစိတ်နည်းလမ်းများ၊ balloon sinuplasty နည်းလမ်းဖြင့် နှာခေါင်း sinus အတွင်းရှိ အချွဲအရည်များသန့်ရှင်းပေးခြင်း စသည့်နည်းလမ်းများဖြင့် ထိရောက်စွာကုသနိုင်ပြီဖြစ်ပါသည်။