ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ
31

ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် တတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ ဆီးလမ်းကြောင်းတစ်၀ိုက် ဆီးအိမ်အောက်ရှိ ဆီးကျိတ်တွင်ကင်ဆာဖြစ်ခြင်းဖြစ်ပါသည်။

အများအားဖြင့် ဆီးကျိတ်ကင်ဆာသည် ဆီးကျိတ်အတွင်း၌သာတစ်ဖြည်းဖြည်းဖြစ်လာပြီး၊ ဆိုးရွားစွာအန္တရာယ် မဖြစ်တတ်ပေ။ တစ်ချို့ ဆိုးရွားသောဆီးကျိတ်ကင်ဆာသည် ကြီးထွားနှုန်းမြန်ပြီး၊ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့လျင်မြန်စွာပျံ့နှံ့တတ်ပါသည်။

အောက်ပါအခြေအနေများတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။

  • အသက် ၅၀ အထက်အမျိုးသားများ။
  • မိသားစု၀င်တွင် ဆီးကျိတ်ကင်ဆာဖြစ်ဖူးသည့် ကျန်းမာရေးရာဇ၀င်ရှိခြင်း။
  • အ၀လွန်ခြင်း။
  • အဆီများသည့် အစာများကိုစားသုံးခြင်း။

ဆီးကျိတ်ကင်ဆာလက္ခဏာများ။

အထူးသဖြင့် အစောပိုင်းအဆင့် မပြင်းထန်သည့်ဆီးကျိတ်ကင်ဆာအမျိုးအစားတွင် လက္ခဏာမပြတတ်ပေ။ ရောဂါကျွမ်းသည့်အဆင့်ရောက်မှသာလျှင် လက္ခဏာပြတတ်ပါသည်။ ဆီးကျိတ်ကင်ဆာဖြစ်လျှင် ခံစားရနိုင်သည့်လက္ခဏာများမှာ –

  • ဆီးသွားရခက်ခြင်း။
  • ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်း။
  • သုတ်ပိုးတွင် သွေးပါခြင်း။

တစ်ချို့ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ တစ်ခြားကျန်းမာရေးအခြေအနေများကြောင့်လည်းဖြစ်နိုင်သည့်အတွက် အထက်ပါလက္ခဏာများကိုခံစားနေရပြီဆိုပါက မှန်ကန်သောစစ်ဆေးကုသမှုကိုခံယူရန် အလွန်အရေးကြီးပါသည်။

ဆီးကျိတ်ကင်ဆာစစ်ဆေးဖော်ထုတ်ခြင်း။

ဆရာ၀န်သည်သင့်တွင်ဆီးကျိတ်ကင်ဆာရှိသည်ဟု သံသယရှိပါကအောက်ပါစစ်ဆေးမှုများကိုပြုလုပ်ပါမည်။

  • စအိုတွင်းမှတဆင့် ဆီးကျိတ်တွင်အလုံးခဲများရှိမရှိ လက်အိတ်၀တ်လက်ချောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း။
  • ဆီးကျိတ်မှထုတ်သည့် ပရိုတင်းပမာဏမည်မျှရှိသည်ကို သွေးဖောက်စစ်ဆေးခြင်း။
  • ဆီးကျိတ်မှအသားစနမူနာယူ၍ ဓာတ်ခွဲခန်းအဖြေစစ်ဆေးခြင်း။

ဆီးကျိတ်ကင်ဆာကုထုံး။

လူနာ၏အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ဆီးကျိတ်ကင်ဆာအဆင့်ပေါ်မူတည်၍ ဆရာ၀န်မှ လူနာအတွက် သင့်တော်သောကုထုံးကို ဆွေး‌နွေးအကြံပေးပါမည်။ ပုံမှန်ကုထုံးများမှာ –

  • အန္တရာယ်နည်းသည့် (သို့) ကြီးထွားမှုနှေးသည့်ဆီးကျိတ်ကင်ဆာကို ချက်ချင်းကုသမှုခံယူရန်မလိုအပ်ပါက ပုံမှန် follow-ups ပြရန် နှင့် လိုအပ်သောစစ်ဆေးမှုကို လုပ်ဆောင်ခြင်းဖြင့် ကင်ဆာပြောင်းလဲလာမှုအခြေအနေကို စောင့်ကြည့်ပါမည်။ စစ်ဆေးသည့်ရလဒ်အဖြေများသည် ကင်ဆာပြောင်းလဲလာမှုအခြေအနေကိုပြပါက ကုသမှုခံယူရပါမည်။
  • ခွဲစိတ်မှုခံယူရမည်ဆိုပါက ဆီးကျိတ်တစ်ခုလုံးကိုထုတ်ပါသည်။ ၀မ်းဗိုက်အောက်ပိုင်းတွင် ခွဲစိတ်ရာပေး၍ ဆီးကျိတ်ကိုဖယ်ထုတ်ပါမည်။ robot ဖြင့် သေချာစွာချိန်ရွယ်ပြီး ပို၍တိကျစွာခွဲစိတ်နိုင်ပါသည်။
  • Chemo ဆေးသွင်းကုထုံးသည် ကင်ဆာတိုက်ထုတ်သည့်ဆေးများဖြစ်ပြီး၊ သွေးကြောထဲထိုးခြင်း၊ အရေပြားထဲထိုးခြင်း (သို့) သောက်ဆေး စသည်ဖြင့်အမျိုးမျိုးရှိပါသည်။ ဆေးသည် သွေးကြောထဲသို့ ရောက်ရှိပြီး၊ လျင်မြန်စွာကြီးထွားနေသည့်ကင်ဆာဆဲလ်များကို တိုက်ထုတ်ပေးပါသည်။

Chemo ဆေးသွင်းကုထုံးကို cycles အကြိမ်ရေဖြင့်ရေတွက်ပါသည်။ cycles တစ်ခုတွင် ကုသမှုခံယူရမည့် အပတ်၊ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်စေရန် အနားပေးသည့်အပတ် စသည်ဖြင့်တစ်လှည့်စီသွားပါသည်။ Chemo ဆေးသွင်းကုထုံး cycle တစ်ခုသည် ၂ ပတ် – ၄ ပတ်ကြာတတ်ပြီး၊ ကုသမှုမှာ အများအားဖြင့် ၄ – ၆ ကြိမ်ထိရှိနိုင်ပါသည်။ 

  • ဓာတ်ရောင်ခြည်ကုထုံးသည် X-rays ဓာတ်ရောင်ခြည်စွမ်းအားအမြင့်သုံး၍ ကင်ဆာဆဲလ်များကိုသေစေပါသည်။ လူနာ၏အခြေအနေပေါ်မူတည်၍ ဆီးကျိတ်ကင်ဆာအတွက် ခွဲစိတ်ထုတ်ပြီးနောက်ပိုင်း ကျန်ရှိနေသေးသောကင်ဆာဆဲလ်များကိုသေစေရန် ဓာတ်ရောင်ခြည်ကုထုံးဖြင့်အဓိကကုသပြီး၊ တစ်ခြားကုထုံးများနှင့်လည်းတွဲ၍ကုသပါသည်။
  • ဟော်မုန်းကုထုံးဆေးများပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာကြီးထွားလာမှုကိုနှေးစေခြင်း (သို့) တစ်ခြားကုထုံးအတွက် ခန္ဓာကိုယ်ကိုပြင်ဆင်ပေးပါသည်။ ဆီးကျိတ်ကင်ဆာမည်သည့်အဆင့်အတွက်မဆို သင့်တော်သည့်ကုထုံးဖြစ်သော်လည်း၊ ရောဂါပြန်ဖြစ်သည့် (သို့) အဆင့်လွန်နေသည့် ဆီးကျိတ်ကင်ဆာများအတွက်သုံးပါသည်။

ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူပြီးနောက်ပြုစုကုသမှု။

ဆီးကျိတ်ကင်ဆာရောဂါပြန်မဖြစ်စေရန် သင့်တော်သောပြုစုကုသမှု နှင့် ရက်ချိန်းအတိုင်း follow-ups ပြန်လာပြရန် ဆရာ၀န်မှစီစဥ်ပေးပါမည်။ ရက်ချိန်းပြန်လာပြလျှင် ကုထုံးထိရောက်မှုရှိမရှိကို ဆရာ၀န်မှစစ်ဆေးပေးမည်ဖြစ်ပြီး၊ လူနာခံစားရနေသည့်ဘေးထွက်ဆိုးကျိုးများကိုလည်း ဆွေး‌နွေးကုသပေးပါသည်။

‌Raffles ဆေးရုံတွင် ဆီးကျိတ်ကင်ဆာအတွက် စစ်ဆေးကုသမှုခံယူလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။