Pelvic Inflammatory Disease

Pelvic Inflammatory Disease
24

သားအိမ်လမ်းကြောင်း၊ သားအိမ်၊ သားဥပြွန်များ နှင့် သားဥအိမ်တို့ပါ၀င်သည့် အမျိုးသမီးမျိုးပွားအင်္ဂါများတွင် ပိုး၀င်ခြင်းကို Pelvic inflammatory disease (PID) ဟုခေါ်ပါသည်။ အမျိုးသမီးအင်္ဂါအောက်ပိုင်းမှစဖြစ်တတ်ပြီး တစ်ခြားမျိုးပွားအင်္ဂါအစိတ်အပိုင်းများသို့ကူးစက်ပျံ့နှံ့တတ်ပါသည်။

အများအားဖြင့် chlamydia (သို့) gonorrhoea စသည့် လိင်မှတဆင့်ကူးစက်သော‌‌ရောဂါပိုးများကြောင့်ဖြစ်ပါသည်။ ထိုပိုးများသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်းဖြစ်ပါသည်။

Pelvic inflammatory disease (PID) ရောဂါအန္တရာယ်မြင့်စေသည့်အချက်များမှာ –

  • အသက် ၂၅ နှစ်အောက် လိင်ဆက်ဆံမှုရှိသူများ။
  • လိင်ဆက်ဆံဖော် အမြောက်အမြားရှိသူ။
  • အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း။
  • အမျိုးသမီး အင်္ဂါ/မွေးလမ်းကြောင်းကို မကြာခဏ ဆေးရည်ဖြင့်ဆေးကြောခြင်း။
  • Pelvic inflammatory disease ရောဂါ (သို့) လိင်မှတဆင့်ကူးစက်သော‌‌ရောဂါပိုးရှိဖူးသူများ။

Pelvic inflammatory disease ရောဂါလက္ခဏာများမှာ –

  • ၀မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း။
  • အမျိုးသမီးအင်္ဂါမှအရည်ဆင်းခြင်း။ အ၀ါ၊ အစိမ်း၊ အဖြူ၊ အညိုရောင်တို့ဖြစ်နိုင်ပြီး ပျစ်ချွဲ၍ ညှီနံ့ရှိနိုင်ခြင်း။
  • လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း။
  • ရာသီလာ မမှန်ခြင်း။
  • လိင်ဆက်ဆံစဥ် နာကျင်ခြင်း။

ထိုသို့လက္ခဏာမျိုးရှိပါက ဆရာ၀န်ဖြင့်သေချာစွာပြသ၍ကုသသင့်ပါသည်။ ကုသမှုမခံယူပါက မျိုးမအောင်ခြင်း၊ နေရာမမှန်သန္ဓေတည်ခြင်း (သို့) နာတာရှည် ဆီးစပ်အောင့်ခြင်းမျိုးရှိနိုင်ပါသည်။ 

Pelvic inflammatory disease ရောဂါကို စစ်ဆေးဖော်ထုတ်ခြင်းနှင့်ကုသခြင်း။

ဆရာ၀န်မှသင်၏လက္ခဏာများကို မေးမြန်းပြီးစမ်းသပ်စစ်ဆေးပါမည်။ သင်ခံစားနေရသောလက္ခဏာများနှင့် တခြားအင်္ဂါများသို့ကူးစက်မှုရှိမရှိကိုသိရှိနိုင်ရန် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်း (သို့) မှန်ပြောင်းကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ပါမည်။ ရောဂါပိုးဖြစ်စေသည့်ပိုးအမျိုးအစားပေါ်မူတည်၍ ပိုးသတ်ဆေးများပေးမည်ဖြစ်ပြီး၊ ရက်အပတ်ပြည့်အောင်သောက်ရန် အရေးကြီးပါသည်။

ကုထုံးအောင်မအောင်သိရှိရန် ဆရာ၀န်ဖြင့်ရက်ချိန်းအတိုင်း follow-ups ပြန်လာပြရန်လိုပါသည်။ ရက်သတ္တပတ် ကြာသည့်တိုင် လက္ခဏာများရှိနေသေးလျှင် (သို့) တခြားအင်္ဂါများသို့ကူးစက်မှုရှိပါက ဆေးရုံတက်ရန် (သို့) ခွဲစိတ်ရန် လိုအပ်ပါသည်။ သင်၏လိင်ဆက်ဆံဖော်လည်း လက္ခဏာမရှိသည့်တိုင် ဆရာ၀န်နှင့်စစ်ဆေးပြသ၍ ကုသမှုခံယူရန် လိုအပ်ပါသည်။

Pelvic inflammatory disease (PID) ရောဂါရှိသည်ဟုသံသယရှိပါက ဆရာ၀န်ဖြင့်ပြသရန် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။