နာတာရှည် Covid-19 လက္ခဏာစုများ၊ ကုသခြင်း နှင့် ကာကွယ်ခြင်း။

နာတာရှည် Covid-19 လက္ခဏာစုများ၊ ကုသခြင်း နှင့် ကာကွယ်ခြင်း။
13

နာတာရှည် Covid-19 လက္ခဏာဆိုသည်မှာ ရောဂါမှပြန်လည်နာလန်ထူလာသော်လည်း ရောဂါလက္ခဏာကြွင်းကျန်များ ဆက်လက်ခံစားနေရခြင်းကိုဆိုလိုပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဖွင့်ဆိုချက်မှာ Covid-19 ကူးစက်ခံရချိန်မှ သုံးလအကြာ အခြားဖြစ်နိုင်ချေရှိသည့်ရောဂါ လက္ခဏာများရှာမတွေ့ပဲ ရောဂါလက္ခဏာများ အနည်းဆုံးနှစ်လကြာ ဆက်ရှိနေခြင်းကိုဆိုလိုပါသည်။

တချို့သောလေ့လာမှုများအရ နာတာရှည် Covid-19 လက္ခဏာသည် Covid-19 ပိုးကြောင့်တင်မဟုတ်ပဲ ကနဦးရောဂါကူးစက်ခံရမှုမှ ကိုယ်ခံအားတက်ရန် အလွန်အမင်းအလုပ်လုပ်ရသောကြောင့် ကိုယ်ခန္ဓာမှကိုယ်အင်္ဂါများကိုပြန်တိုက်သဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်းကြောင့်ဟုယူဆကြသည်။

နာတာရှည် Covid-19 လက္ခဏာများမှာအဘယ်နည်း။

နာတာရှည် Covid-19 လက္ခဏာများမှာ အမြဲတမ်းချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မေ့လဲမလိုခံစားရခြင်း၊ နှလုံးခုန်မြန် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ မှတ်ဥာဏ်/အာရုံစူးစိုက်မှုကျခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ပါသည်။

တခြားလက္ခဏာများမှာ စိုးရိမ်ပူပန်ခြင်း (သို့) စိတ်ဓာတ်ကျခြင်း၊ ကြွက်သားနာခြင်း၊ အနံ့အရသာမရခြင်းတို့ဖြစ်ပါသည်။ ဤရောဂါလက္ခဏာများသည် အများအားဖြင့် လေးပတ် (သို့) လေးပတ်အထက်ကြာတတ်ပါသည်။

ကျွန်ုပ်၌ နာတာရှည် Covid-19 ခံစားနေရသည်ကို မည်သို့သိရှိနိုင်မည်နည်း။

လက်ရှိတွင်စံသတ်မှတ်ထားသည့် စစ်ဆေးမှုမျိုးမရှိသေးပါ။ သို့သော် နာတာရှည် Covid-19 ခံစားနေရသည်ဟု သံသယရှိသူများကို တခြားကျန်းမာရေးအခြေအနေများဖြစ်သည့် ဆီးချိုရောဂါ၊ နှလုံးရောင်ရမ်းခြင်း၊ အဆုတ်အမာရွတ်ဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ လည်ပင်းသိုင်းရွိုက်ပုံမမှန်ခြင်းများ၊ သံဓာတ်ချို့တဲ့ခြင်း စသည်တို့ကို ဦးစွာပထမစစ်ဆေးမည်ဖြစ်ပါသည်။

နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်နှင့် ဆက်စပ်သောအချက်များမှာအဘယ်နည်း။

တချို့သောလေ့လာမှုများတွင် နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်မြင့်စေသော အဓိကအချက် ၄ ချက်ကို ဖော်ပြထားပါသည်။ ၎င်းတို့မှာ ကူးစက်ခံရစဥ် ဗိုင်းရပ်စ်ပိုးကောင်ရေမြင့်နေခြင်း၊ ဆီးချိုရောဂါရှိနေခြင်း၊ အလိုအလျောက် ပဋိပစ္စည်းများရှိနေခြင်း နှင့် တချို့သောလူနာများတွင် Epstein-Barr ဗိုင်းရပ်စ်ပိုးပြန်ထွက်လာခြင်းတို့ဖြစ်ပါသည်။ မျိုးရိုးဗီဇ၊ ပိုးမွှားများ နှင့် ပတ်၀န်းကျင်ဆိုင်ရာအချက်များစွာတို့ ပေါင်းစပ်လွှမ်းမိုးခံရခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။

နာတာရှည် Covid-19 ခံစားရလျှင် မည်မျှကြာနိုင်ပါသနည်း။

မည်မျှကြာခံစားရနိုင်သည်ကို လုံး၀ရှင်းလင်းစွာမသိသေးပါ။ Covid-19 လူနာအများစုသည် ရောဂါကူးစက်ခံရပြီး လေးပတ်အတွင်းပြန်လည်ကောင်းမွန်လာပါသည်။ တချို့သောသူများတွင် ရောဂါလက္ခဏာများကို ၄ ပတ်မှ ၁၂ ပတ်အထိ ခံစားရတတ်ပြီး၊ လူအနည်းစုတွင် ထိုထက်ပို၍ကြာနိုင်ပါသည်။

ဘယ်အချိန်မှာဆရာဝန်နှင့်ပြသသင့်ပါသလဲ။

Covid-19 မှ နာလန်ပြန်ထူလာပြီးနောက် ရောဂါလက္ခဏာဆက်လက်ခံစားနေရလျှင် (သို့) ရောဂါလက္ခဏာအသစ်များ ပေါ်လာခြင်း (သို့) ပိုမိုဆိုးရွားလာသည့်အခါ၊ အထူးသဖြင့် ရောဂါလက္ခဏာများသည် အိပ်စက်ခြင်း နှင့် ပုံမှန်လူနေမှုဘဝကိုပါ အနှောင့်အယှက်ပေးနေပြီဆိုပါက ဆရာ၀န်နှင့်ပြသ၍ သေချာစွာစစ်ဆေးသင့်ပါသည်။

ထို့အပြင် ပြင်းထန်သည့်လေ့ကျင့်ခန်းများကို ပြန်စလုပ်လိုသော်လည်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်တွင်တင်းနေခြင်း၊ အသက်ရှူမ၀ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း (သို့) ခေါင်းမူး‌‌ခြင်း စသည်တို့ကို ဆက်လက်ခံစားနေရသူများ စမ်းသပ်စစ်ဆေးမှုများကိုနှံ့စပ်စွာလုပ်သင့်ပါသည်။

နာတာရှည် Covid-19 ကို မည်မျှကြာကုသရမည်နည်း။

လက်ရှိတွင် နာတာရှည် Covid-19 ကုသမှုအတွက် ဆေးဝါးများသီးသန့်မရှိသေးပါ။ ရောဂါလက္ခဏာများခံစားနေရချိန်တွင် ရောဂါလက္ခဏာများပေါ်မူတည်၍ကုသမှုပေးရန်၊ လုပ်ဆောင်မှုတိုးတက်လာစေရန် နှင့် ဘ၀လူနေမှုပုံစံ ကောင်းမွန်လာစေရန်တို့ကိုဦးစားပေးပါသည်။ လူနာတစ်ဦးချင်းအလိုက် အမျိုးမျိုးသောရောဂါလက္ခဏာများကို သက်သာစေရန် သင့်လျော်သောဆေးကိုပေးပါမည်။ ဆရာ၀န်နှင့်ဆွေးနွေးတိုင်ပင်ပြီး စိုးရိမ်ရသည့်အခြေအနေများမရှိတော့ပါက လူနာများအား ကိုယ်ကာယလေ့ကျင့်ခန်း နှင့် အခြားလှုပ်ရှားမှုများကို ဖြည်းဖြည်းချင်းပြန်စရန် တိုက်တွန်းမည်ဖြစ်ပါသည်။

နာတာရှည် COVID-19 ကို ဘယ်လိုကာကွယ်နိုင်မလဲ။

နာတာရှည် COVID-19 ၏ အဓိကဆက်စပ်မှုမှာ ပြင်းထန်သော COVID-19 ကူးစက်မှုကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် COVID-19 ကူးစက်မှုကိုကာကွယ်ရန် နှင့် ပြင်းထန်သောရောဂါဖြစ်နိုင်ချေကိုလျှော့ချရန် ကာကွယ်ဆေးထိုးခြင်းသည် နာတာရှည် COVID-19 ဖြစ်ပွားမှုကိုတားဆီးရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

နိုင်ငံတကာအချက်အလက်များအရ ကာကွယ်ဆေးထိုးထားသူများတွင် ရောဂါဖြစ်ပွားနိုင်ခြေ ထက်ဝက်လျော့ကျပြီး၊ ကာကွယ်ဆေးမထိုးရသေးသော COVID-19 လူနာ ၁၀ ဦးတွင်တစ်ဦးသည် ကနဦးကူးစက်ခံရပြီး ခြောက်လကြာသည် အထိ ရောဂါလက္ခဏာများ ဆက်လက်ရှိနေတတ်ပါသည်။