
အသက်အရွယ်ရလာသည်နှင့်အမျှ အောက်ပါရောဂါလက္ခဏာများကို သတိထားထိန်းသိမ်းခြင်းဖြင့် မလိုလားအပ်သောကျန်းမာရေးဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ကာ ဘဝအရည်အသွေးပြည့်ဝ၍ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါမည်။
၁။ သွေးတိုးရောဂါ။
နှလုံးသွေးညှစ်ခြင်းကြောင့် သွေးလွှတ်ကြောနံရံသို့ သွေးဖိအားမြင့်လျှင် သွေးတိုးရောဂါရှိနိုင်ပါသည်။ သွေးတိုးရောဂါသည် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ နှင့် သွေးလွှတ်ကြောများပျက်စီးခြင်းတို့ဖြစ်တတ်ပါသည်။ သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမားဟုအဆိုရှိသဖြင့် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း၊ ပုံမှန်အားကစားလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း နှင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းခြင်းဖြင့် သွေးတိုးမဖြစ်စေရန်ကာကွယ်နိုင်ပါသည်။ လိုအပ်ပါက ဆရာဝန်ဖြင့်သေချာစွာပြသ၍ သွေးတိုးထိန်းဆေးသောက်သင့်ပါသည်။
၂။ ဆီးချိုရောဂါ။
သွေးတွင်းသကြားဓာတ်သည် ပုံမှန်ညွှန်းကိန်းထက်မြင့်နေပါက ဆီးချိုရောဂါရှိပါသည်။ အသက်ကြီးလာသည်နှင့်အမျှ လှုပ်ရှားမှုနည်းလာသူတို့တွင် ကိုယ်အလေးချိန်တိုးလာပြီး ကြွက်သားဆုံးရှုံးလာပါသည်။ ပါးစပ်ခြောက်ခြင်း၊ ရေဆာခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ဆီးတွင်းသကြားဓာတ်မြင့်ခြင်း၊ မကြာခဏဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝေ၀ါးခြင်း၊ မောပန်းလွယ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်း နှင့် မေ့မြောခြင်း စသည့်လက္ခဏာများကိုသတိပြုရပါမည်။ ဆီးချိုရောဂါသည် ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ၊ ပုံမှန်အားကစားလုပ်ခြင်း နှင့် ဆေးပုံမှန်သောက်ခြင်းတို့ဖြင့် ထိန်းနိုင်ပါသည်။ အင်ဆူလင်ထုတ်လုပ်နိုင်မှုမြင့်စေရန်၊ ဆီးမှသကြားဓာတ်စွန့်နိုင်ရန် ဆေးအမျိုးမျိုးပေးခြင်းဖြင့်လည်းထိန်းနိုင်ပါသည်။
၃။ သွေးတွင်းကိုလက်စရောအဆီ။
သွေးတွင်းကိုလက်စရောအဆီများပါက နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်မြင့်ပါသည်။ နှလုံးသွေးကြောနံရံများတွင် ကိုလက်စရောအဆီစုလာသည့်အတွက် နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းကြောင့် နှလုံးသို့အောက်စီဂျင်ရောက် နှုန်းနည်းလာပြီး နှလုံးဖောက်နိုင်ပါသည်။ သွေးတွင်းကိုလက်စရောအဆီကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ ကိုလက်စရောအဆီမြင့်နေပါက အားကစားလုပ်ခြင်း၊ ကျန်းမာစွာနေထိုင်စားသောက်မှုပုံစံပြောင်းခြင်းတို့ဖြင့် လျော့ချနိုင်ပါသည်။ ထိုသို့ပြောင်းလဲသော်လည်း မြင့်နေသေးသည်ဆိုပါက ဆရာဝန်ဖြင့်သေချာစွာပြသ၍ ဆေးသောက်သုံးရပါမည်။
၄။ ဆီးမထိန်းနိုင်ခြင်း။
မတော်တဆဆီးထွက်ကျခြင်းကို ဆီးမထိန်းနိုင်ခြင်းဟုခေါ်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ် များသည်။ အသက်အရွယ်ကြီးလာခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အမျိုးသားဆီးကျိတ်ပြဿနာ၊ ဆီးအိမ်တွင်ဆီးကျောက်တည်ခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။ ဆီးအိမ်မတင်းဘဲဆီးအရမ်းသွားချင်ခြင်း၊ ၂ နာရီခြားတစ်ခါဆီးသွားခြင်း (သို့) တစ်နေ့တွင်ဆီး ၇ ကြိမ်ထက်ပိုသွားခြင်း၊ ညဘက်ဆီးထသွားရခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း နှင့် အိပ်ယာထဲတွင်ဆီးသွားခြင်း စသည့်လက္ခဏာများကိုသတိပြုရပါမည်။ ထိုကဲ့သောပြဿနာမျိုးရှိခဲ့ပါက သက်ဆိုင်ရာဆရာဝန်ဖြင့် သေချာစွာစစ်ဆေးကုသသင့်ပါသည်။
၅။ အရိုးအဆစ်ရောင်ရမ်းခြင်း။
အသက် ၅၀ အထက်လူများတွင် အရိုးအဆစ်ရောင်ရမ်းနာရောဂါရှိနိုင်ပါသည်။ အရိုးအဆစ်နာကျင် တောင့်တင်းခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်း၊ လှုပ်ရှားမှုတွင်အသံမြည်ခြင်း နှင့် အရိုးအဆစ်ပုံမှန်မလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပါသည်။ အသက်အရွယ်ရလာခြင်းကြောင့် အဆစ်ထဲရှိအရိုးနုများ တဖြည်းဖြည်းပျက်စီးလာခြင်းမှ ဒဏ်ရာရရှိခြင်းကြောင့်ပို၍ဆိုးရွားနိုင်ပါသည်။ အထူးသဖြင့် ဒူးခေါင်းနှင့်တင်ပါဆုံရိုးတို့တွင်အဖြစ်များသော်လည်း အရိုးအဆစ်တိုင်းတွင်ဖြစ်ပေါ်နိုင်ပါသည်။ အရိုးအဆစ်ရောင်ရမ်းခြင်းကုသမှုသည် မည်သို့ဒဏ်ရာရရှိသည့်ပေါ်တွင်မူတည်၍ နာကျင်မှုသက်သာစေရန် ဆေးများပေးခြင်း၊ ကောင်းမွန်စွာပြန်လည်လှုပ်ရှားနိုင်ရန် နည်းလမ်းမှန်လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် ကုသပေးလျက်ရှိပါသည်။ ထိုကုသနည်းတို့ဖြင့် မသက်သာပါကခွဲစိတ်ကုသရပါမည်။
၆။ နားအကြားစွမ်းရည်ကျဆင်းခြင်း။
အသက်အရွယ်ကြီးလာသည်နှင့်အမျှ နားနှစ်ဖက်လုံး၏ အကြားစွမ်းရည်ကျဆင်းလာသည့်အတွက် လူအများစုမှာ နားအကြားစွမ်းရည်ဆုံးရှုံးလာသည်ကို သတိမပြုမိကြပေ။ နားအတွင်းပိုင်းပြောင်းလဲလာခြင်း နှင့် အသက်အရွယ်ကြောင့်ဖြစ်နိုင်သလို၊ တစ်ချို့ရောဂါအခြေအနေနှင့်ဆေးများကြောင့်လည်းဖြစ်နိုင်ပါသည်။ အသံလုံးထွေးနေခြင်း၊ ဆူညံသံကြောင့် စကားများကိုနားမလည်လိုက်ခြင်း၊ ဗျည်းသံများကိုမကြားခြင်း၊ အသံကျယ်ကျယ်ပြောရန်တောင်းဆိုခြင်း၊ စကားပြောနေသည်ကိုမတုံ့ပြန်ခြင်း စသည့်လက္ခဏာများကိုသတိပြုရပါမည်။ နားကြားကိရိယာတပ်ခြင်းဖြင့်ကောင်းမွန်နိုင်ပါသည်။ နားကြားကိရိယာအမျိုးမျိုးရှိခြင်းကြောင့် နားအကြားစွမ်းရည် မည်မျှဆိုးရွားနေမှုပေါ်တွင်မူတည်၍ အသုံးပြုရပါမည်။