တုပ်ကွေးကာကွယ်ဆေး။

တုပ်ကွေးကာကွယ်ဆေး။
02

တုပ်ကွေးဆိုတာဘာလဲ။ ကျွန်ုပ်တို့အပေါ်တွင် ဘယ်လိုအကျိုးသက်ရောက်မလဲ။

တုပ်ကွေးဟုအများအားဖြင့်ရည်ညွှန်းလေ့ရှိသော ရာသီအလိုက်တုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်များကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ရုတ်တရက်အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။ မျက်လုံးဖြင့်မမြင်နိုင်သည့် ချောင်းဆိုး (သို့) နှာချေသည့်အခါ ထွက်လာသောရေမှုန်ကလေးများ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်၀င်ရောက်ခြင်းဖြင့် ကူးစက်ပါသည်။

အအေးမိခြင်းနှင့်မတူသည်မှာ တုပ်ကွေးရောဂါသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် တခြားရောဂါရှိသည့်သူများတွင် ပြင်းထန်စွာဖျားနာခြင်း နှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိရှိတတ်ပါသည်။

တုပ်ကွေးကာကွယ်ဆေးကို မည်သူတို့ထိုးသင့်ပါသနည်း။

နေကောင်းကျန်းမာသည့်လူကြီးများ၊ ကလေးများ၊ မကြာခဏခရီးထွက်တတ်သည့်ခရီးသွားများနှင့် လူနာစောင့်များ အားလုံး တုပ်ကွေးကာကွယ်ဆေးကိုထိုးသင့်ပါသည်။

ကျန်းမာရေးအန္တရာယ်ပိုမြင့်သည့် အောက်ပါလူအုပ်စုများ တုတ်ကွေးကာကွယ်ဆေးကိုထိုးရန် အထူးအကြံပြုလိုပါသည်။

  • အသက် 65 နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ။
  • ခြောက်လမှငါးနှစ်အောက် ကလေးငယ်များ။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံး။
  • နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း (သို့) neuromuscular ၊  သွေးနှင့်ဇီဝဖြစ်စဉ်ရောဂါ အစရှိသည့်နာတာရှည်ရောဂါခံစားနေရသူများ။
  • နာတာရှည်ရောဂါ (သို့) စတီးရွိုက်စသည့်ဆေးများကြောင့် နာတာရှည်ကိုယ်ခံအားကျဆင်းနေသူများ။
  • Aspirin သွေးကျဲဆေးကုထုံးခံယူနေကြသော အသက် 6 လမှ 18 နှစ်အထိ ကလေးများနှင့်ဆယ်ကျော်သက်များ။
  • လူအိုရုံများ၊ ဆေးရုံများ နှင့် အစိုးရဆေးရုံများတွင် ရေရှည်ကုသမှုခံယူနေသူများ။

စင်္ကာပူတွင်လက်ရှိရရှိနိုင်သည့် တုပ်ကွေးကာကွယ်ဆေးများကဘာတွေလဲ။

Quadrivalent တုပ်ကွေးကာကွယ်ဆေးသည် စင်ကာပူတွင်အသုံးအများဆုံးကာကွယ်ဆေးဖြစ်ပါသည်။ လက်မောင်း အထက် (သို့) ပေါင်အပြင်ဘက်တွင်ထိုးနိုင်ပါသည်။ တုပ်ကွေးရောဂါ A နှင့် B ဗိုင်းရပ်စ်နှစ်ခုလုံးကို ကာကွယ်ပေးနိုင်ပါ သည်။

တုပ်ကွေးရောဂါကာကွယ်ဆေးဖြစ်သည့် Southern Hemisphere (SH) ကို မေလ နှင့် Northern Hemisphere (NH) ကို အောက်တိုဘာလ စသည်ဖြင့်တစ်နှစ်လျှင်နှစ်ကြိမ်ဖြန့်ချီပါသည်။ အသစ်ဖြန့်ချီမှုတိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စောင့်ကြည့်ရယူထားသည့်အချက်အလက်များပေါ်မူတည်၍ နောက်ဆုံးပေါ်တုပ်ကွေးဗီဇ A နှင့် B နှစ်ခုလုံးကို ထည့်သွင်းထုတ်လုပ်ဖြန့်ချီပါသည်။

တုပ်ကွေးကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးအချို့မှာအဘယ်နည်း။

အချို့သောဘေးထွက်ဆိုးကျိုးများတွင် ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊  ဆေးထိုးသည့်နေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း နှင့် နာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။ သို့သော်ဤဘေးထွက်ဆိုးကျိုးများသည် ကာကွယ်ဆေးထိုးသူအားလုံး၏ ၁၀ ရာခိုင်နှုန်းတွင်သာဖြစ်တတ်ပါသည်။ အများသောအားဖြင့် အခြေအနေမပြင်းထန်ပဲ ရက်အနည်းငယ်အတွင်းကောင်းသွားပါလိမ့်မည်။  

တုပ်ကွေးကာကွယ်ဆေးနှင့်ဆက်စပ်သည့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများရှိပါသလား။

ပြင်းထန်သောဘေးထွက်ဆိုးကျိုးအလွန်နည်းပြီး၊ တုပ်ကွေးရောဂါ၏ ပြင်းထန်သောနောက်ဆက်တွဲအကျိုးဆက်များဖြင့် နှိုင်းယှဉ်လျှင်အန္တရာယ်နည်းပါသည်။ ၎င်းတို့တွင် –

  • အဖုအပိမ့်ထွက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ မျက်နှာရောင်ရမ်းခြင်း နှင့် အသက်ရှူကျပ်ခြင်းတို့ကို ဖြစ်စေသည့်ဓာတ်မတည်မှုများ။
  • သွေးခဲနှုန်းကျခြင်း၊ သွေးကြောရောင်ရမ်းခြင်း နှင့် ပြန်ရည်‌ကြောအကျိတ် lymph node ရောင်ရမ်းခြင်း။
  • တက်ခြင်း စသည့်အာရုံကြောစနစ်ပုံမမှန်ခြင်းများ၊ Guillain-Barre လက္ခဏာဖြစ်သည့် ကြွက်သားအားနည်းလာခြင်းတို့သည် အလွန်ရှားပါးပြီး လူတစ်သန်း၌တစ်ယောက်တွင်သာဖြစ်တတ်သည်။

တုပ်ကွေးကာကွယ်ဆေးထိုးရန် ဘယ်အချိန်တွင်ရှောင်သင့်ပါသလဲ။

နေမကောင်းဖြစ်နေလျှင် (သို့) အဖျားရှိပါက တုပ်ကွေးကာကွယ်ဆေးထိုးရန် ရက်ရွှေ့ထားသင့်ပါသည်။ ကြက်ဥပရိုတိန်း (သို့) neomycin / gentamicin, formaldehyde အစရှိသည့် ပိုးသတ်ဆေးများနှင့်ဓာတ်မတည့်သူများအပြင် ယခင်က တုပ်ကွေးကာကွယ်ဆေးထိုးချိန် ပြင်းထန်သောဓာတ်တုံ့ပြန်မှုရှိသူများ တုပ်ကွေးကာကွယ်ဆေးထိုးရန် ရှောင်ကြဥ်သင့်ပါ သည်။

တုပ်ကွေးရောဂါကာကွယ်ဆေးကိုဘယ်မှာရနိုင်မလဲ။

နောက်ဆုံးပေါ်တုပ်ကွေးကာကွယ်ဆေးကို Raffles ဆေးခန်းများတွင်ရရှိနိုင်ပါသည်။