ကျောက်ကပ်ကိုထိန်းသိမ်းရန် လိုက်နာရမည့်အဆင့်ငါးဆင့်။

ကျောက်ကပ်ကိုထိန်းသိမ်းရန် လိုက်နာရမည့်အဆင့်ငါးဆင့်။
10

ကျွန်ုပ်တို့၏ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဟန်ချက်ညီစေရန် ကျောက်ကပ်သည်အလွန်အရေးပါပါသည်။ ခန္ဓာကိုယ်တွင်း အရည်ပမာဏကိုထိန်းညှိပေးပြီး၊ သွေးမှ စွန့်ပစ်ပစ္စည်းများနှင့်အဆိပ်အတောက်များကို စစ်ထုတ်ပေးခြင်း၊ သွေးဖိအား ထိန်းညှိပေးသည့် ‌ဟော်မုန်းများထုတ်ပေးခြင်း၊ အရိုးဖွဲ့စည်းတည်ဆောက်ပုံထိန်းနိုင်ရန် ဗီတာမင်ဒီကို လှုံ့ဆော်ပေးခြင်း၊ ဆိုဒီယမ်၊ ပိုတက်စီယမ် နှင့် ဖော့စဖိတ် စသည်တို့ကို မျှတအောင်ထိန်းသိမ်းပေးခြင်း၊ သွေးနီဥထုတ်လုပ်မှု လုံလောက်စေရန် ဟော်မုန်းထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။

ကျောက်ကပ်ရောဂါပြဿနာရှိသည်ကို မည်သို့သိရှိနိုင်မည်နည်း။

အစောပိုင်းကျောက်ကပ်ရောဂါရှိသည့် လူနာအများစုမှာ ရောဂါလက္ခဏာများမပြပေ။ ရောဂါလက္ခဏာပြလာသည့် အချိန်၌ ရောဂါသည်ဆိုးရွားနေပြီဖြစ်ပါသည်။ ကျောက်ကပ်ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်မှု၊ လှုပ်ရှားချင်စိတ်မရှိခြင်း၊ အားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆီးသွားပမာဏနည်းလာခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခြေထောက်များ၊ လက်များ၊ မျက်နှာ၊ ဗိုက် နှင့် မျက်လုံးများ ရောင်ရမ်းခြင်း နှင့် အသက်ရှူကျပ်ခြင်း တို့ဖြစ်ပါသည်။ 

ကျောက်ကပ်ရောဂါများ၏ လက္ခဏာများမှာ-

  • ဆီးထဲတွင် သွေးပါခြင်း။
  • ဆီးထဲတွင် ပရိုတင်းအသားဓာတ်ပါခြင်း။
  • Creatinine မြင့်နေခြင်း နှင့် eGFR ကျနေခြင်း။

နာတာရှည်ကျောက်ကပ်ရောဂါ၏အဆင့်များ။

နာတာရှည်ကျောက်ကပ်ရောဂါအဆင့်သည် glomerular filtration rate (eGFR) နှင့် albuminuria/proteinuria ပမာဏပေါ်တွင်မူတည်ပါသည်။ ကျောက်ကပ်ရောဂါ အဆင့် ၅ ဆင့်ရှိပါသည်။ အဆင့် ၁ မှာ အစောဆုံးကျောက်ကပ်ရောဂါအဆင့်ဖြစ်ပြီး၊ အဆင့် ၅ မှာ အဆိုးရွားဆုံးအဆင့်ဖြစ်ပါသည်။ ကျောက်ကပ်ရောဂါအဆင့် ၅ လူနာအများစုသည် ကျောက်ကပ်အစားထိုးကုထုံး (ကျောက်ကပ်ဆေးခြင်း (သို့) အစားထိုးကုသမှု) အဆင့်ဖြစ်ပါသည်။

ကျောက်ကပ်ကိုထိန်းသိမ်းရန် ရိုးရှင်းသောအဆင့်ငါးဆင့်မှာ-

  • ဆီးချိုနှင့်သွေးတိုးရောဂါများကိုထိန်းသိမ်းခြင်း။
  • ပုံမှန်အားကစားလုပ်ခြင်း နှင့် လှုပ်လှုပ်ရှားရှားနေခြင်း။
  • ဆေးလိပ်ဖြတ်ခြင်း။
  • အရက်သောက်သုံးပါက အနည်းငယ်သာသောက်ခြင်း။
  • အသီးအရွက်ပါသော ကျန်းမာရေးနှင့်ညီညွှတ်သည့်အစာကို စားသုံးခြင်း။