Chemo ကုထုံး

Chemo ကုထုံး
18

Chemo ကုထုံးဆိုသည်မှာ ဆေးများ (သို့) ဓာတုဓာတ်ပစ္စည်းများဖြင့် ကိုယ်ခန္ဓာတွင်းရှိ ပုံမှန်မဟုတ်သော (သို့) ပျက်စီးနေသောဆဲလ်များကို ဖျက်စီးသည့်ကုထုံးဖြစ်ပါသည်။

Chemo ကုထုံးသည် ကင်ဆာအမျိုးအစား နှင့် မည်မျှပျံ့နှံ့နေခြင်းပေါ်တွင်မူတည်၍ ကင်ဆာဆဲလ်များ၏ ကြီးထွားမှုနှင့်တိုးပွားမှုကို ဟန့်တားစေပါသည်။ Chemo ကုထုံးဖြင့်

  • ကင်ဆာရောဂါကုသခြင်း။
  • ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးကွေးစေခြင်း။
  • ကင်ဆာလက္ခဏာများကို လျော့ပါးစေခြင်း။ (ဥပမာ- ကင်ဆာအရွယ်အစားကို သေးစေခြင်းအားဖြင့် နာကျင်မှု နည်းစေခြင်း)

Chemo ကုထုံးကုသမှုမှာ ဆရာဝန်၏ညွှန်ကြားချက်ပေါ်တွင်မူတည်ပါသည်။ နေ့စဉ်၊ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် (သို့) တစ်လတစ်ကြိမ် ဖြစ်နိုင်ပါသည်။ တစ်ကြိမ်ကုသမှုခံယူပြီးတိုင်း ကြားတွင်နားချိန်ကာလရက်အပတ် အပိုင်းအခြားဖြင့် ကုသမှုပေးခြင်းဖြစ်ပါသည်။ အနားယူချိန်တွင် Chemo ကုထုံးကြောင့် ထိခိုက်ပျက်စီးသွားသော ပုံမှန်ဆဲလ်နေရာတွင် ဆဲလ်အသစ်များ ပြန်လည်ပြည့်ဝလာစေရန် ကိုယ်ခန္ဓာကိုအနားပေးခြင်းဖြစ်ပါသည်။ ဆရာဝန်သည် လူနာ၏တိုးတက်မှုအခြေအနေကို အသေးစိတ်စောင့်ကြည့်၍ Chemo ကုထုံး ကုသမှုကြာမြင့်ချိန်ကို ဆုံးဖြတ်ပေးပါလိမ့်မည်။

ယေဘူယျအားဖြင့် Chemo ကုထုံးအမျိုးအစားအများစုကို ပြင်ပလူနာအနေဖြင့် ကုသမှုပေးပါသည်။ သို့သော် Chemo ကုထုံးခံယူနေစဉ်တွင် လူနာ၏တိုးတက်မှုအခြေအနေကို အဆက်မပြတ် ဆရာဝန်မှ စောင့်ကြည့်ရန်လိုအပ်ပါက ဆေးရုံတက်ရန် လိုအပ်ပါလိမ့်မည်။