
၁။ ပင်ပန်းနွမ်းနယ်မှု။
ပင်ပန်းနွမ်းနယ်မှုကို နေ့လည်နေ့ခင်းတွင် ခဏတာအိပ်ခြင်း (သို့) အနားယူခြင်း၊ ပေါ့ပေါ့ပါးပါးလှုပ်ရှားခြင်း (ဥပမာ- ပန်းခြံတွင် လမ်းလျှောက်ခြင်း)၊ ကဖင်းဓာတ်များသည့် အရည်များကိုလျော့သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။
၂။ မအီမသာဖြစ်ခြင်း နှင့် ပျို့အန်ခြင်း။
စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုတို့ကြောင့် ဗိုက်မကောင်းခြင်းလည်းဖြစ်နိုင်ပါသည်။ ကြက်သားကြော်၊ ကြာဇံကြော် စသည့် အဆီများသောအစားအစာများ စားသုံးခြင်းမှရှောင်ကြဉ်ရပါမည်။ အစားအစာများကို တစ်ကြိမ်တည်း အလွန်အကျွံ စားသုံးမည့်အစား မကြာခဏ အနည်းငယ်စီစားသုံးသင့်ပါသည်။ ဆရာဝန်မှ မအန်သည့်ဆေးကိုသောက်သုံးရန် ညွှန်းကြားထားပါက အစာမစားမှီနာရီဝက်အလိုတွင် သောက်သုံးရပါမည်။
၃။ ပါးစပ်/ လည်ပင်းနာခြင်း။
တစ်ချို့ Chemo ကုထုံးသည် ပါးစပ်အနာများကို ဖြစ်စေနိုင်သောကြောင့် ခံတွင်းသန့်ရှင်းရေးကိုထိန်းသိမ်းရန် အရေးကြီးပါသည်။ သွားပွတ်တံအပျော့သုံးခြင်း၊ အစာစားပြီးတိုင်း ဆားရည်နွေးဖြင့်ပလုတ်ကျင်းခြင်း၊ တစ်နေ့တစ်ကြိမ် ပါးစပ်တွင် အနာရှိမရှိစစ်ဆေးခြင်းတို့ကိုလုပ်သင့်ပါသည်။ အကယ်၍ ပါးစပ်တွင် ပုံမှန်မဟုတ်သည့် သွေးထွက်ခြင်း၊ နာကျင်ခြင်း (သို့) အနာများရှိခြင်း၊ အစာစားသုံးမှု (သို့) အစာမျိုချမှုခက်ခဲခြင်းတို့ရှိပါက ဆရာဝန်ကိုအကြောင်းကြားပါ။ စပ်သောအစာစားသုံးခြင်း၊ အလွန်ပူသော (သို့) အလွန်အေးသော အရည်များသောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမည်။
၄။ အစားအစာ/ ခံတွင်းပျက်ခြင်း/ ခံတွင်းအရသာပြောင်းခြင်း။
Chemo ကုထုံးခံယူစဉ်တွင် ခံတွင်းပျက်ခြင်း နှင့် ခံတွင်းအရသာပြောင်းခြင်းတို့ကို ပုံမှန်ကြုံတွေ့ရတတ်ပါသည်။ Chemo ကုထုံးခံယူပြီး ၂-၃လ နောက်ပိုင်းတွင် ခံတွင်းအရသာ ပုံမှန်အတိုင်းပြန်ဖြစ်ပါလိမ့်မည်။ မျှတသောအစာများကို တစ်ရက်လျှင် ၃ကြိမ် အဝစားမည့်အစား၊ ၅-၆ ကြိမ်ခွဲ၍ အနည်းငယ်စီစားသုံးသင့်ပါသည်။ အစာစားချင်စိတ်ကို ဖြစ်စေရန် ပေါ့ပါးသောကိုယ်လက်လှုပ်ရှားမှုကိုလုပ်သင့်ပါသည်။ ဖြည့်စွက်စာများကိုလည်း စားသုံးနိုင်ပါသည်။ ပါးစပ်တွင် ခါးသက်သောအရသာကို ပျောက်စေရန် မကြာခဏပလုတ်ကျင်းပေးနိုင်ပါသည်။
၅။ ဝမ်းလျှောခြင်း/ ဝမ်းချုပ်ခြင်း။
Chemo ကုထုံးသည် အူထဲရှိ ဆဲလ်အတွင်းမျက်နှာပြင်ကို ထိခိုက်စေနိုင်သောကြောင့် ဝမ်းလျှောခြင်းဖြစ်စေပါသည်။ ခန္ဓာကိုယ်တွင်ဆုံးရှုံးသွားသောရေဓာတ်ကိုဖြည့်ရန် အရည်အမြောက်အမြားသောက်သုံးသင့်ပါသည်။ ဝမ်းလျှောနေလျှင် ဂျုံ၊ စပါးထွက်ပစ္စည်း၊ ဆန်ညို၊ အခွံမာသီးများ နှင့် အစေ့အဆန်များ စသည့်အမျှင်ဓာတ်များသောအစာများ အလွန်အကျွံစားသုံးခြင်းကိုရှောင်ကြဉ်ရပါမည်။ ဝမ်းလျှောခြင်းကိုပို၍ဆိုးရွားစေနိုင်သည့် နွားနို့၊ ကော်ဖီ၊ အကြော်များ၊ ဆီရွှဲသော (သို့) စပ်သောအစာများကိုရှောင်ကြဉ်ရပါမည်။ တစ်ရက်ထက်ပို၍ ဝမ်းလျှောလျှင် (သို့) ပြင်းထန်သော ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ ခံစားရပါက ဆရာဝန်ထံသို့အကြောင်းကြားပါ။
လှုပ်ရှားမှုနည်းသောသူ (သို့) ပုံမှန်ထက်အစာအာဟာရဓာတ်နည်းသောသူများတွင် ဝမ်းချုပ်နိုင်ပါသည်။ ဝမ်းချုပ်လျှင် အရည်များများသောက်ပါ။ အစားအသောက်ပုံမှန်ထိန်းသိမ်းပါ။ အမျှင်ဓာတ်ပါသော အစာများကိုစားသုံးပါ။ ဝမ်းမှန်မှန်သွားရန်အတွက် ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်လုပ်သင့်ပါသည်။
၆။ အဖျားရှိခြင်း နှင့် ပိုးဝင်ခြင်း။
အဖျားရှိခြင်း နှင့် ပိုးဝင်ခြင်းတို့သည် Chemo ကုထုံးခံယူစဥ်တွင် ဖြစ်တတ်ပါသည်။ သွေးဖြူဥဆဲလ်အရေအတွက် ကျဆင်းခြင်းကြောင့် ကိုယ်ခံအားနည်းလာခြင်းဖြစ်ပါသည်။ ကိုယ်အပူချိန် ၃၈ ဒီဂရီ Celsius (သို့) ပိုးဝင်သည့်လက္ခဏာမျိုးရှိခြင်း ဥပမာ- ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း၊ ဆက်တိုက်ဝမ်းလျှောခြင်း (သို့) အသက်ရှူကြပ်ခြင်းမျိုးခံစားရပါက အရေးပေါ်ဆရာဝန်ဖြင့်ပြသသင့်ပါသည်။ Chemo ကုထုံးခံယူနေကြောင်းကိုလည်း ဆရာဝန်အားအသိပေးသင့်ပါသည်။
ပိုးဝင်ခြင်းကိုကာကွယ်ရန် တကိုယ်ရေသန့်ရှင်းရေးကို အလေးထားရပါမည်။ လက်များကို စင်ကြယ်စွာဆေးကြောရပါ မည်။ လူထူထပ်သောနေရာများသို့ သွားလာခြင်း၊ ချောင်းဆိုးအအေးမိ (သို့) နေမကောင်းဖြစ်နေသူများနှင့် ထိတွေ့ခြင်းကိုရှောင်ကြဉ်ရပါမည်။ ကိုယ်အပူချိန်ကို တစ်နေ့လျှင် ၂-၃ ကြိမ် (သို့) နေထိုင်မကောင်းသည့်အချိန်တိုင်း တိုင်းတာသင့် ပါသည်။
၇။ ဆံပင်ကျွတ်ခြင်း (သို့) ဆံပင်ပါးလာခြင်း။
Chemo ကုထုံးအားလုံးသည် ဆံပင်ကျွတ်ခြင်းကိုမဖြစ်စေပါ။ ကုထုံးဆေးပေါ်တွင်သာ မူတည်ပါသည်။ ကုသမှုပေါ် တွင်မူတည်၍ အများအားဖြင့် ၂-၃ ပတ်တွင် ဆံပင်သားနှင့်အရောင်ပြောင်းလာသည်ကို ခံစားရတတ်ပြီး၊ ဆံပင် တစ်ဖြည်းဖြည်းကျွတ်လာပါသည်။ ကုသမှုခံယူစဉ် (သို့) Chemo ကုထုံးပြီးဆုံးသည့် ၆ လ မှ ၁နှစ် အတွင်း ဆံပင်ပြန်ပေါက်နိုင်ပါသည်။ ဆံပင်တိုထားခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုနည်းစေခြင်း၊ ခေါင်းလျှော်ရည်အပျော့ကိုသုံးခြင်း၊ ခေါင်းလျှော်လျှင် ဆံပင် (သို့) ဦးရေကို မကုတ်ပဲ အသာနှိပ်ပေးခြင်း၊ ခေါင်းဖီးအပျော့သုံးခြင်းတို့ကို လုပ်ဆောင်ရပါ မည်။ ဆံပင်ခြောက်စက်၊ ဆံပင်ကောက်စက်၊ ကလစ် (သို့) ခေါင်းစီးများအသုံးပြုခြင်း၊ ဆံပင်ဆေးဆိုးခြင်း၊ ဆံပင်ကောက်ခြင်း (သို့) ဆံပင်အရောင်ချွတ်ခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။
၈။ အရေပြားတွင်အကျိုးသက်ရောက်ခြင်း။
တစ်ချို့ Chemo ကုထုံးဆေးကြောင့် အထူးသဖြင့် သွေးလွှတ်ကြောတစ်လျှောက်ရှိအရေပြားအရောင်ပြောင်းခြင်းမျိုး ရှိတတ်ပါသည်။ ဆေးထိုးသည့်နေရာတွင် နီမြန်းခြင်းမျိုးလည်းရှိနိုင်ပါသည်။ Chemo ကုထုံးကုသမှု ပြီးစီးသည်နှင့် တပြိုင်နက် အရေပြားအရောင်ပြောင်းခြင်းလည်း လျော့နည်းသွားပါမည်။ ကုသမှုခံယူနေစဉ်တွင် နာကျင်ခြင်း၊ စပ်ခြင်း (သို့) ဆေးထိုးပြီးနောက် လက်၊ လက်မောင်းတို့တွင် နာကျင်ခြင်းခံစားရပါက ဆရာဝန်ကို အသိပေးအကြောင်းကြားရပါမည်။
၉။ ကြွက်သားနှင့်အာရုံကြောတွင်အကျိုးသက်ရောက်ခြင်း။
တစ်ချို့သော Chemo ကုထုံးဆေးများခံယူစဉ်၌ လက် (သို့) ခြေများတွင် ထုံကျင်ခြင်းကို ခံစားရတတ်ပါသည်။ ၎င်းလက္ခဏာသည် ပုံမှန်အားဖြင့်မပြင်းထန်ပေ။ အကယ်၍ ပို၍ထုံကျင်လာပါက ဆရာဝန်ကိုအကြောင်းကြားပါ။
Chemo ကုထုံးခံယူနေစဉ်တွင် ကိုယ်အပူချိန် ၃၈ ဒီဂရီ Celsius ထက်မြင့်ခြင်း၊ ပါးစပ်အနာသည် ၃ရက်ထက်ပို၍ရှိခြင်း၊ ဆက်တိုက်ချောင်းဆိုးခြင်း နှင့် အသက်ရှူကြပ်ခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့်ချက်ချင်းပြသသင့်ပါသည်။