ဆီးချိုဆရာ၀န်ကြီးများနှင့် အမေးအဖြေကဏ္ဍ

ဆီးချိုဆရာ၀န်ကြီးများနှင့် အမေးအဖြေကဏ္ဍ
30

ဆီးချိုရောဂါဖြစ်ခါနီးလက္ခဏာတွေကဘာတွေလဲ။ မည်ကဲ့သို့ပုံမှန်စစ်ဆေးရန်လိုအပ်ပါသနည်း။

ဆီးချိုရောဂါဖြစ်ခါနီးသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏသည် ပုံမှန်ထက်ပိုများသော်လည်း ဆီးချိုရောဂါဟု သတ်မှတ်ရလောက်သည်အထိ မလုံလောက်သေးပါ။ Prediabetes ဟုသတ်မှတ်ခြင်းသည် အသုံးပြုသောသွေးစစ်ဆေးမှုအပေါ် မူတည်၍ အစာရှောင်ပြီးစစ်သည့်ဂလူးကို့စ်ပမာဏမမှန်ခြင်း (သို့) ဂလူးကို့စ်ခံနိုင်စွမ်းအားမမှန်ခြင်းတို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဆီးချိုရောဂါသည် အများအားဖြင့် ရောဂါလက္ခဏာမပြသောကြောင့် သွေးစစ်မှသာသိနိုင်ပါသည်။ ဆီးချိုရောဂါဖြစ်နိုင်ချေများသူများ (ဥပမာ- အသက် ၄၀ နှစ်အထက်၊ မိသားစု၀င်တွင် ဆီးချိုရောဂါရှိသူများ၊ သွေးတိုးနှင့်သွေးတွင်းကိုလက်စထရောအဆီများနေသူများ) သုံးနှစ်တစ်ကြိမ် ဆီးချိုစစ်ဆေးသင့်ပါသည်။ အကယ်၍ ဆီးချိုရောဂါဖြစ်ခါနီးပြီဟုတွေ့ရှိပါက ဆီးချိုရောဂါအတွက်သွေးစစ်ခြင်းကို နှစ်စဉ်ပြုလုပ်သင့်ပါသည်။

မထိန်းချုပ်နိုင်သောဆီးချိုရောဂါမှာအဘယ်နည်း။ ထိန်းချုပ်မှုမရသည့်ဆီးချိုရောဂါသည် ရေရှည်တွင်မည်သို့ထိခိုက်မှုမျိုးရှိနိုင်ပါသနည်း။

ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါမရှိသူများထက် သွေးတွင်းသကြားဓာတ်ပမာဏပို၍များပါသည်။ ဆီးချိုရောဂါကို ကုသခြင်းသည် ဘေးထွက်ဆိုးကျိုးမရှိစေဘဲ သွေးတွင်းဂလူးကို့စ်ပမာဏကို တတ်နိုင်သမျှပုံမှန်ဖြစ်အောင် လျှော့ချရန်ရည်ရွယ်ပါသည်။ ထိန်းချုပ်မှုမရသည့်ဆီးချိုရောဂါဆိုသည်မှာ ရှိသင့်သောဂလူးကို့စ်ပမာဏရောက်အောင် မလျော့ချနိုင်သောအခြေအနေဖြစ်ပါသည်။ ဆီးချိုရောဂါသည် ဂရုတစိုက်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ရန်လိုအပ်သော နာတာရှည် ရောဂါဖြစ်သည်။ ဆီးချိုကိုသေချာစွာမထိန်းချုပ်နိုင်ပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း နှင့် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော နာတာရှည်နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်ပါသည်။